ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ရန်ကင်း စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို နေ့စဉ် နေ့တိုင်း ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးအရေးပေါ် ကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက လမ်းအတွင်းသို့ ပြင်ပမှ ဝင်ရောက်လာသည့် ကားအဝင်အထွက် စာရင်းများ ကောက်ယူခြင်း၊ Mask မပါရှိသူများအား ဒဏ်ရိုက်သည့် အနေဖြင့် Mask တစ်ခုလျှင် ၅၀ နှုန်းဖြင့်(၁၀)ခု ဝယ်ယူ စေပြီး တစ်ခုကို ယခုတပ်အစီအစဉ် ဆောင်ရွက်ထားရှိခြင်း နှင့် Hand Speaker ဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များကို ကြေညာပေးခြင်း စသည့်တို့ကို နေ့စဉ်မပျက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကင်းမြိုနယ်တွင် ရပ်ကွက်(၁၅)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းရှိ လမ်းအဝင်ဝများတွင် "Mask တပ်ဆင်ပြီးမှ ရပ်ကွက်အတွင်းဝင်ရောက်ရန်" ဟူသည့် ဗီနိုင်းများ၊ ကြေညာဘုတ်များ ဆောင်ရွက်ထားရှိခြင်းနှင့် လက်ဆေးဘေစင်များကိုလည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လင်းလင်းထွန်း (ပြန်/ဆက်)