ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

စစ်တွေ စက်တင်ဘာ ၁၄

(၂၃)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊​ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ အနုပညာဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ လာရောက်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်တွင် နံနက်ပိုင်း၌ အဆို (ခေတ်ဟောင်း/ ကာလပေါ်) ဘာသာရပ်အဖြစ် အခြေခံပညာအဆင့် အသက် ၁၀ - ၁၅နှစ် အမျိုးသား၊ အမျိုးသမီး၊ အသက် ၁၅ - ၂၀ နှစ်၊ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်လျက်ရှိပြီး နေ့လယ်ပိုင်းတွင် အဆို(ခေတ်ဟောင်း/ ကာလပေါ်) ဘာသာရပ်အဖြစ် အဆင့်မြင့်ပညာအဆင့် အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲဝင်များ၊ ဝါသနာရှင်အဆင့်(ဒုတိယ) အမျိုးသမီးနှင့် ဝါသာနာရှင်အဆင့် (ပထမ - ဒုတိယ) အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ စုစုပေါင်း အဆိုပြိုင်ပွဲဝင် ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင်များယှဉ်ပြိုင်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ လာရောက် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပလျက်ရှိရာ အဆို၊ အက၊ တီးပြိုင်ပွဲများကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌လည်းကောင်း၊ အရေးပြိုင်ပွဲကို စစ်တွေမြို့၊ ယဉ်ကျေးမှုပြတိုက်၌လည်းကောင်း ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

တင်ထွန်း