မြစ်သား၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၁၁/၂၀၂၀) ကို ယမန်နေ့ရက်စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာခွင့်ပြုချက်မှအပ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ နေ့စဉ်ည (၁၂:၀၀) နာရီအချိန်မှ နောက်တစ်နေ့နံနက် (၄:၀၀) နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
အဆိုပါ ညမထွက်ရအမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ဤအမိန့်အား ထုတ်ပြန်ပြီးသည့်နေ့မှစ၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသရွေ့ အတည်ဖြစ် ကြောင်း မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)