တံတားဦးမြို့နယ် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village)တွင် Transplanter Mounted Boom Sprayerဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကျင်းပ

တံတားဦး စက်တင်ဘာ  ၁၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် ပြူကန် ခေတ်မီစံပြကျေးရွာ (Smart Village) တောင်သူများ ပူးပေါင်းပြီး  Transplanter Mounted Boom Sprayer ဖြင့် ဆေးဖြန်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကွင်းအမှတ် (၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်က၊ တောင်သူများအနေဖြင့် သမာရိုးကျ ဆေးဖြန်းနေမှုအစား ယခုကဲ့သို့ ပူးပေါင်းပြီး  Transplanter Mounted Boom Sprayer ဖြင့် ဆေးဖြန်းခြင်း ကိရိယာဖြင့် ဆေးဖြန်းခြင်းအားဖြင့်လုပ်သားရှားမှု ပြဿနာမှ ကျော်လွန်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊ ကောက်ပင်များ နေ၊ ရေ၊လေ အာဟာရမျှတစွာ စားသုံးရခြင်း၊ ကောက်စိုက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ် တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ ဒေသခံတောင်သူများ  လယ်ယာသုံး စက်ကိရိယာအသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဆေးဖြန်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆေးဖြန်းခြင်းသရုပ်ပွဲကို ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ဆေးဖြန်းကိရိယာဖြင့်ဆေးဖြန်းခြင်းကို ကြည့်ရှု လေ့ လာအားပေးကြပြီး တောင်သူများ၏ သိရှိလိုသည်များကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

အဆိုပါဆေးဖြန်းကရိယာစက်တွင် ဆေးဖြန်းခေါင်း(၂၅)ပါရှိပြီး ဆေးဖြန်းလက်တံရှည် (၂၅)ပေ ရှည် လျားပါကြောင်း၊ ဒါ့အပြင် ဆေးဖြန်းကိုင်း(၂)ကိုင်းပါ (၁)ပေကြားဆေးဖြန်းလျှင် (၂)လိုင်းဖွင့်စနစ်၊ (၂)ပေ ကြားဆေးဖြန်းလျင် (၁)လိုင်းဖွင့် စနစ်ဖြင့် ဆေးဖြန်းနိုင်ပါကြောင်း၊ ဆေးဖြန်းကိရိယာတွင် ဂါလံ(၃၀) ဆံ့ဆေးဖြန်းပုံးပါဝင်ပြီး စိုက်ခင်းမျိုးစုံကိုလည်း ဖြန်းနိုင်ပါကြောင်း  ယနေ့တွင် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ အဆိုပါကိရိယာဖြင့် ဆေးဖြန်းခြင်းအား (၅)ဧက ဆောင်ရွက်မည်ဖြစ်ရာ  (၁)ဧကလျှင် ဆေးဖြန်းကြာချိန် မိနစ်(၃၀)ကြာမြင့်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော် ထံမှသိရသည်။

ရဲတင့်