ပုဇွန်တောင် စက်တင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၈ နာရီက အမှတ်(၈)ရပ်ကွက်ရှိ သာသနာ့ရက္ခိတဓမ္မာရုံတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန်အတွက် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၆၀၀/-နှုန်း၊ ဆီတစ်ပိသာလျှင် ငွေကျပ် ၄၈၀၀/-နှုန်းနှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၇၅/-နှုန်းဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူ ခဲ့ကြသည်။
ပြည်သူလူထုအား စျေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုကို ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ပြီး အမှတ်(၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၂၁၀)အား ဆန်(၁၅)အိတ်၊ စားဆီ(၁၁၀)ပိသာနှင့် ကြက်ဥ(၁၅၀၀)လုံးတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ(၁၀)ရပ်ကွက်အား အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်