မိုင်းလုံ စက်တင်ဘာ ၁၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ ၃၃ ဦးနှင့် အရန် ၂ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် လျာထားမဲရုံ (၃၃)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၃၃)ဦးနှင့် အရန် (၂)ဦးကို ခန့်အပ်သွားမှာဖြစ်ပြီး၊ အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့မှ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း မူးယစ်သောက်စား ရမ်းကားမှုများ၊ ဆူညံစွာ အော်ဟစ် သောင်းကျန်းမှုများ မဖြစ်ပေါ်စေရေး အတွက် လှည့်ကင်းများ၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မိုင်းလုံနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါမဲရုံများအတွက် လုံခြုံရေးကိစ္စများ တာဝန်ယူဆောင်ရွက်သွားမည့် အထူးရဲတပ်ဖွဲ့ဝင် (၃၃)ဦး နှင့်အရန်(၂)ဦး စုစုပေါင်း(၃၅)ဦး တို့ကိုလည်း၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ မိုင်းလုံနယ်မြေရဲစခန်းတွင် သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြီးချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက လျှောက်ထားနိုင်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)