ဒဂုံအရှေ့ စက်တင်ဘာ ၁၃
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝင်းအိမွန်က လူကုန်ကူးခံရမှုအခြေအနေ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သက်မှတ်ထားရှိမှုနှင့် လူကုန်ကူးမှု သတိပြုရမည့်ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း လူငယ်လူရွယ်များနှင့်ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေအေးက အားကစားဆိုတာအင်အားနဲ့ဉာဏ်ရည်အသုံးချကြောင်း၊ အားကစား(၄)မျိုးရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိူးသားလုံးကျန်းမာကြံ့ခိုင်ရေး အားကစားဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်း၊ အားကစားဆိုင်ရာပစ္စည်းများအား အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းနှင့်ကျောင်းသား/ သူများအား မြန်မာ့သိုင်းအခြေခံအားကစားနည်းလေ့ကျင့်ခန်းအား ပြသပေးခဲ့ပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)