ကျောက်မဲမြို့နယ်တွင် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်မဲ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အဆို၊ အကများဖြင့် ဖျော်ဖြေခြင်း၊  အဆို၊ အက၊ အရေးအတီးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်စေခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား‌ရေး လက္ခဏာများ မပပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်ရေး ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဥ်‌ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓါတ်ပိုမိုထွန်းကားစေရန်၊ ရိုးရာယဉ်ကျေးမှုများကို  ဖေါ်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်‌ရေး၊ ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှု အထောက်အကူပြုနိုင်ရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသို့ ကျောက်မဲမြို့နယ်မှ အခြေခံပညာအဆင့်အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အဆိုပြိုင်ပွဲဝင် ၇ ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အဆိုပြိုင်ပွဲဝင် ၆ ဦး၊ဝါသနာရှင်  ဒုတိယတန်းအဆင့် အဆိုပြိုင်ပွဲဝင် ၁ ဦး၊ ဝါသနာရှင် ဒုတိယတန်း အက ပြိုင်ပွဲဝင် ၂ ဦး၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အမျိုးသမီးအက ပြိုင်ပွဲဝင် ၁ ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ  အမျိုးသမီးအက ပြိုင်ပွဲ ၅ ဦး၊ ကဗျာလွတ် အက ပြိုင်ပွဲဝင် အဖွဲ့ ၁ ဖွဲ့ တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါသည်။

 ထို့နောက်   ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင်ဆက်လက် ကျင်းပရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခြင်း၊ ဆုရရှိသူများအားဆုများချီးမြှင့်ပေးခဲ့ကြောင်း၊ အဆိုပါ ပြိုင်ပွဲဝင်များထဲမှ ထူးချွန်သူများကို ရွေးချယ်၍ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဆက်လက်စေလွှတ် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)