မလှိုင် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ မူကြိုကလေးငယ်များနှင့် မူလတန်းအရွယ်ကလေးငယ်များတွင် Early Childhood Caries(ကလေးအရွယ် သွားပိုးစားခြင်းရောဂါ) ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ After Lunch tooth brushing activity (နေ့လည်စာ စားပြီးသွားတိုက်ခြင်း) လှုပ်ရှားမှု အစီအစဉ်ကိုယနေ့နေ့လည်ပိုင်းတွင် မလှိုင်မြို့ရေစင် အ.မ.က ကျောင်းနှင့် မူကြိုကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာချမ်းသာဦးက သွားတစ်ချောင်းနှင့် သွားဖုံးသား ဖွဲ့စည်းတည် ဆောက်ထားပုံ၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွားပိုးစား ရောဂါဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲဖြစ်စဉ်များ၊ စစ်မှန်သော သွားတိုက်နည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး သွားတိုက်နည်းကို သရုပ်ပြပုံနှင့်တကွလက်တွေ့ သရုပ်ပြသပေးခဲ့သည်။ ယင်းနောက် ကလေးငယ်များအတွက်Colgate သွားတိုက်ဆေး တစ်ဒါဇင်နှင့် BPI သွားတိုက်ဆေး(၅) ဗူးတို့အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး ကလေး ငယ်များအား စနစ်တကျ လက်တွေ့သွားတိုက်စေခဲ့သည်။
အဆိုပါ After Lunch tooth brushing activity ကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် ရေစင်အ.မ.က ကျောင်းတို့၌ (၁)နှစ်တိတိ စမ်းသပ် အကောင်းအထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး လိုအပ်သော သွားတိုက်ဆေးများကိုလည်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)