သာကေတ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးစာကြည့်တိုက်ခန်းမ၌ ယနေ့နံနက်(၉:ဝဝ) နာရီတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာအုပ်၊ စာစောင်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ယနေ့တွင်ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့အား ဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအား မြို့နယ်ရဲတပ်ဖွဲ့၊ ဒုရဲမှူးဦးခင်မောင်ညွှန့်(ငြိမ်း)မှ ၂၀၂၂ ခုနှစ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ရည်ရွယ်ချက်(၄)ရပ်၊ လူကုန်ကူးမှု၊ လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရသူစသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဥပဒေပုဒ်မ၊ ပြစ်မှုပြစ်ဒဏ်၊ လူကုန်ကူးခြင်းမခံရအောင်လိုက်နာသင့်သည့်အချက်များအား အကျယ်တဝင့်ဟောပြောခဲ့သည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်၊ စာအုပ်စာစောင်များကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်ပြီးကျောင်းသား၊ ကျောင်းသူများမှ အင်္ဂလိပ်စာဝေါဟာရဉာဏ်စမ်းပြိုင်ပွဲ၊ မှတ်ဉာဏ်ကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်ကြရာ အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)