မလှိုင် စက်တင်ဘာ ၁၃
မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၀)အချိန်က ဆည်တိုကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင် ပညာသင်ကြားနေသော အသက်( ၁၂ )နှစ်နှင့် အသက်(၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံမီ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး သည့် ကျောင်း သား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့် ကျောင်းသား/သူများကို လည်း ထပ်မံထိုးနှံပေးဦးမည်ဖြစ်ကာ ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေပြီး စိတ်အေးချမ်းစွာဖြင့် ပညာကိုသင်ကြားနိုင်စေရန်ရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတို့မှ ထပ်ဆောင်းကာကွယ် ဆေး(sinovac) အမျိုးအစား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)