ဟိုပုံး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အိုဇုန်းလွှာနှင့် အိုဇုန်းလွှာထိန်းသိမ်းခြင်း စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စန်းမင်းနှင့် ဝန်ထမ်းများ၊ တောင်ကြီးခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့တို့က ကြည့်ရှုအားပေးပြီးနောက် စာစီစာကုံးပြိုင်တွင် အထက် တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၂)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈) ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။ အဆိုပါ အထက်တန်းအဆင့် စာစီစာကုံးပြိုင်နှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၆)ရက် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)