တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင် အသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ    စက်တင်ဘာ     ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသောကလေးများကျောင်း(ရန်ကုန်)တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကျောင်းသား/ သူများအား  စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေးအကြောင်းအရာများ၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် မိမိတို့ဘဝတိုးတက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်နိုင်ပုံ၊ စာအုပ်စာပေများသည် မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ လေ့လာမှတ်သားပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများစွာ တိုးပွားပြီး ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာပုံစသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က ကျောင်းသား/ သူများအား လက်သင်္ကေတဖြင့် သရုပ်ပြပေးခဲ့ကြောင်းနှင့် အဆိုပါအသိပညာပေး ဟောပြောပွဲသို့ တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ(၆၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တာမွေ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအနေဖြင့် စာပေ၏တန်ဖိုးကို သိရှိနားလည်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများစွာရရှိစေရေးအတွက် စာပေနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။  

မို့မို့အောင်(ပြန်/ဆက်)