ငါန်းဇွန် စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉နာရီအချိန်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၌ကျင်းပရာ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-6 ကျောင်းသားကျောင်း သူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြည်သူ့စာကြည့်တိုက်အတွင်း၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက ရှင်းလင်းပြသကြပြီး ကျောင်းသား ကျောင်းသူများအား ဖတ်ရှုလိုသော စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကျောင်းသားကျောင်းသူများအား လူကုန်ကူးမခံရရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)