ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီငါးဆယ်သားကို ၂၉၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ နယ်မြေ(၄)ရှိ ရွာသစ်ရပ်၊ တိုက်ကုန်းရပ်၊ သီရိရပ်နှင့်ညောင်ဦးမြို့၊ နယ်မြေ (၆) တက်သိမ်းရပ်တို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ