ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးများခတ်

ရန်ကုန်     စက်တင်ဘာ     ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့်ရှိနိုင်သည့် နေရာများတွင် အဘိတ်ဆေးများခတ်ခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်() အခြေခံပညာမူလတန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်()အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ရေကြည်ရေသန့် သိုလှောင်ထားရှိရာ အုတ်ကန်များ၊ ရေအိုးများအတွင်း အဘိတ်ဆေးများခတ်ပေးခြင်းနှင့် ရေဝပ်ရာပစ္စည်းအဟောင်းများအား စနစ်တကျစွန့်ပစ်ခြင်းတို့အပြင် နေ့စဉ်ဘုရားပန်းအိုးနှင့် အလှပန်းအိုးများလဲလှယ်ပေးရန် အသိပညာပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့ကြသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ခံရပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့် ရောဂါဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအား အဆိုပါရောဂါမကူးစက်နိုင်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာနှင့် မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပူးပေါင်း၍ အပတ်စဉ်လှည့်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)