လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချပေး

လမ်းမတော်   စက်တင်ဘာလ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၈ နာရီအချိန်ခန့်က  လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်၊ စဉ့်အိုးတန်လမ်းရှိ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့်လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၆၀၀/-ကျပ်၊ စားအုန်းဆီတစ်ပိသာလျှင် ၅၃၀၀/-ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသက်နောင်ဖြူ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးဦးသိန်းမြင့်နှင့်တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့် လမ်းမတော်မြို့နယ်အတွင်းရှိ(၁၃)ရပ်ကွက် ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက်နေ့စဉ် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အောင်ဇော်ထွေး (ပြန်/ဆက်)