တန့်ယန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

တန့်ယန်း  စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်နှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန် အချက်အလက်များ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

ယင်းနောက် နှစ်ထပ်ကျောင်းဆောင်ရှေ့၌ မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထပ်မြင့်အဆောက်အဦပေါ်မှ လူနာကယ်ထုတ်ပုံအဆင့်ဆင့်၊ ငလျင်အန္တရာယ် ဖြစ်ပေါ်လာပါက ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့် ပုံစံများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)