အမရပူရ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊ ရွှေယင်းမာဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်းတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်တေဇနှင့် အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ပြောကြားခဲ့သည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာက လိုအပ်သည့် စိုက်ပျိုးရေရေ အလုံအလောက်ရရှိရေး၊ ဓါတ်မြေသြဇာရရှိရေး၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်ကိစ္စ၊ ဆောက်တောဝအုပ်စု ဝါးရုံပင်ကျေးရွာ ကျန်းမာရေးဆေးခန်းဆောက်လုပ်ရန် မြေနေရာဂရန် ရရှိရေးစသည့် အချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့် တစ်နှစ်အောက်ကလေး မိခင်များအတွက် ကြက်ဥများနှင့် ကျေးရွာအတွက် နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနက ကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူ များ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများအား ထပ်ဆောင်းဆေးထိုးခြင်း လုပ်ငန်းများဆောင်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီတစ်ပိဿာ ၆၀၀၀ နှုန်းဖြင့် ရောင်းချပေးနေမှုများကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)