ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၅
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန် အဟုန်မပြတ် ဆက်လက် လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်(သမ္ဗန်) ဆိပ်အနီးတွင် ပြည်သူများ လက်ဝယ်အရောက် အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူလက်ဝယ်အရောက် အကာအကွယ်Mask အခုရေ (၂၀၀၀)အားအခမဲ့ ဖြန့်ဝေပေး၍ Mask မပါရှိသူများအား ချက်ချင်းတပ်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို မြို့နယ်နေ ပြည်သူများ သိရှိစေရန် အသိပညာပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်နှင့်၊ လူဦးရေသုံးသောင်းကျော် နေထိုင်လျက်ရှိပြီး၊ ယနေ့ ထိ မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၃)ဦးအထိ တွေ့ရှိလာပြီဖြစ်၍ ယခု ကဲ့သို့ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)