ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်မှုများအား ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်

ကွမ်းခြံကုန်း စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်း၊ နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့မဈေးအတွင်း အများပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လှုပ်ရှားမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်သူနှင့် ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမများ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့မဈေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသော စက်ဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါစီးနင်းလာသူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ရန် အသိပေးလှုံ့ဆော်ခြင်း၊ နှာခေါင်းစည်း(mask)များ အခမဲ့ပေးဝေခြင်း၊ မြို့မဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဈေးဝယ်လာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်ကြရန်၊ လူစုလူဝေး မဖြစ်အောင် သတိထားရှောင်ရှားရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန်၊ အကြောင်းကိစ္စမရှိပဲ အပြင်မထွက်ရန်နှင့် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)