သီပေါ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉) နာရီ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေနွေးပွဲ ပြုလုပ်ဆောင်ရွက်ရ သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပာယ်တို့ကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်နန်းသိင်္ဂီစိုးက လူကုန်ကူးမှုအများဆုံးနိုင်ငံများအကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိ သည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုသံသယဖြစ်ဖွယ်သတင်းများကို ရရှိပါက ဆက်သွယ်အကူအညီ တောင်းခံရမည့် ဖုန်းနံပါတ်များစသည့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)