ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၄၆၉)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဆီဆိုင် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်ဖြစ်သည့် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

ထိုသို့ထိုးနှံရာတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၆၅)ဦး၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၄၀၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၆၉)ဦး ထိုးနှံပေးနိုင်ခဲ့သည်။  အဆိုပါကာကွယ်ဆေးများ မထိုးပေးမီ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)