ညောင်ဦးမြို့နယ် ကွမ်းစိုက်တောင်သူများ ကိုဗစ် - ၁၉ ရောဂါ စတင်ချိန်မှစ၍ ကွမ်းရွက်ဈေးနှုန်းကျဆင်းနေ

ညောင်ဦး၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကွမ်းစိုက်တောင်သူများ ကိုဗစ် - ၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစတင်ပြီး ကွမ်းရွက်ဈေးနှုန်းများကျဆင်းကာ ကွမ်းစိုက်တောင်သူများ အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သစ်ထောင့်ကျေးရွာ ကွမ်းစိုက်တောင်သူ ဦးရန်နိုင်ထွန်းက ပြော သည်။

ကွမ်းရွက်ဈေးနှုန်းများ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ဖေဖော်ဝါရီလ၊ မတ်လမှစတင်ကာ ကွမ်းရွက်ဈေးနှုန်းများ တစ်ပိဿာ ၂၀၀၀ ကျပ်သာ ရောင်းချခဲ့ရကြောင်း၊ ကွမ်းခြံတစ်ခြံ စိုက်ပျိုးစရိတ်ကုန်ကျမှုသည် အရင်းအနှီးများလွန်းကာ ကွမ်းရွက်ပြန်ရောင်းချချိန် ဈေးနှုန်းနည်းလွန်းခြင်းကြောင့် ညောင်ဦးမြို့နယ် ကွမ်းစိုက်တောင်သူများ အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ကွမ်းစိုက်ပျိုးရာတွင် ကရိကထအလွန်များကာ နေပူလွန်းလျှင်မကြိုက်၊ မိုးများလျှင်မကြိုက် အရိပ်စင်ဆောက်ကာမိုးပြီး စိုက်ပျိုးရခြင်းဖြစ်ကြောင်း နေရ၊ လေရကိုလည်း ကြိုက်နှစ်သက်သည့် အပင်အမျိုးအစားဖြစ်ကာ ကွမ်းစိုက်ပျိုးချိန်တိုင်ထောင်၊ အရိပ်မိုး၊ မြောင်းဘောင်တန်းစနစ်ဖြင့် စိုက်ပျိုးရပြီး ကွမ်းခြံအား အရိပ်တကြည့်ကြည့်နေရသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း ဦးရန်နိုင်ထွန်းက ရှင်းပြသည်။

ထွက်ရှိလာသည့် ကွမ်းရွက်များအား ပခုက္ကူဈေးကွက်သို့လည်းကောင်း၊ ညောင်ဦးကွမ်းဈေး ကွက်သို့ ပို့ကာရောင်းချရကြောင်း၊ စားကွမ်းတစ်ပိသာ ၁၅၀၀ ကျပ်သာရောင်းချရပြီး၊ ကွမ်းရွက်ပယ် ကွမ်းရွက်များအား ၇၀၀ ကျပ်သာရောင်းချရကြောင်း၊ ညောင်ဦးမြို့နယ်အတွင်း စိုက်ပျိုးသည့် ကွမ်းစိုက်တောင်သူ အများစုသည် ကွမ်းနုဝါသာအများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။ ကွမ်းခြံတစ်ခြံ စိုက်ပျိုးကြရာတွင် ကွမ်းခြံစိုက်ဧကအကျယ်အဝန်းပေါ် မူတည်ကာ ပိုက်စိမ်း စဝယ်ယူမိုးရခြင်း၊ ဝါးများဝယ်ယူရခြင်း၊ ပလပ်စတစ်ကြိုး၊ ထန်းလျှော်၊ သွပ်နန်းကြိုး၊ သစ်ကိုင်းအခက်များ၊ မြောင်းဘောင်တင်စနစ်ဖြင့် ရေသွင်းရပြီး ရွက်ဖျန်း ဆေး စနစ်တကျ သုံးစွဲရခြင်း၊ မြေဆီစရိတ်နှင့် ကွမ်းခြံပြုပြင်ဖို့ လုပ်သား/သမ ငှားရမ်းရခြင်း၊ ကွမ်းရွက်ခူးသမ ငှားရမ်းရခြင်းနှင့်အတူ ကွမ်ရွက်ဈေး တစ်ပိသာ ၁၅၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ကွမ်းစိုက် တောင်သူများ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံ နေရကြောင်း သိရသည်။

ကိုထိန်၊KPD