ပင်းတယမြို့၌ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

ပင်းတယ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၈၈၀)ရှိပြီး၊ အေးချမ်းသာယာလှပတဲ့ တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်ညီစေရန် မြို့တွင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့တွင်းလမ်းဖြစ်သည့် ဆူးဗိုလ်ကုန်းရပ်ကွက် လမ်းအရှည်ပေ ၇၄၇ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု၉ လက်မရှိ ချယ်ရီလမ်းအား ကျပ်ငွေသိန်းပေါင်း၁၈၀ ဝန်းကျင်ခန့်ဖြင့် မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ခင်းခြင်းဆောင်ရွက်ပြီးခဲ့သည်။

အဆိုပါကတ္တရာလမ်းခင်းခြင်းဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း၏ လမ်းညွှန်မှု၊ အငယ်တန်းအင်ဂျင်နီယာ (၂)ဒေါ်မေမြတ်သူမှ အနီးကပ်ကြီးကြပ်မှုဖြင့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလ ၉ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)