ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရန်ကုန်   စက်တင်ဘာ   ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး  ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်တင်နှင့် အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်း ဥက္ကဋ္ဌဦးဘိုကြည်တို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။

သင်တန်းတွင် နည်းပြများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးသက်တင်၊ အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌဦးဘိုကြည်၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club) ဒုတိယဥက္ကဋ္ဌမောင်မောင်ဝင်းမြင့်(မူခင်း)နှင့် Car Journal အယ်ဒီတာချုပ်ဦးဝင်းနွယ်တို့က သတင်းမီဒီယာဥပဒေ၊ သတင်းစာသမိုင်း၊ သတင်းရေးသားတည်းဖြတ်ခြင်း၊ သတင်းရယူခြင်းနှင့် သတင်းရေးသားနည်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်း(၂၅)ဦးတို့အား စက်တင်ဘာလ(၁၃)ရက်နေ့မှ စက်တင်ဘာလ(၁၅) ရက်နေ့အထိ နံနက်(၁၀)နာရီအချိန်မှ မွန်းလွဲ(၃)နာရီအချိန်အထိ (၃)ရက်အတွင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)