နမ္မတူတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲ ကျင်းပ

နမ္မတူ  စက်တင်ဘာ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍  ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ခိုဖိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄ နှစ်အောက် ကလေးငယ်များအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာတားမြစ်ကြောင်း၊ အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့် အလုပ်တို့ကို လုပ်ကိုင်နေရသည့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ၊ ကလေးငယ်များအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးငယ်များကို ကာကွယ်စောင်ရှောက်ပေးနိုင်သည့် နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့် ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူပိုင်ခွင့်၊  မတော်မတရားပြုမှု၊  အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေးခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာမူများနှင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဥပဒေနည်းဥပဒေများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး အသိပညာပေး နံရံကပ်စာစောင်ဓါတ်ပုံပြပွဲအားပြသခဲ့ရာ အခြေခံပညာမူလတန်းလွန်ကျောင်း (ခိုဖိတ်)မှ ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု၍ သိရှိလိုသည့် အချက်များအား မှတ်သားကူးယူခဲ့ကြကြောင်း  သိရသည်။

လူမော်(ပြန်/ဆက်)