နမ့်ဆန် စက်တင်ဘာလ ၁၃
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ နမ့်ဆန်မြို့ အထက-၁၊ အလက-၁ ထခွဲ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ငှားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက လာရောက်ငှားရမ်းသော ကလေးငယ်များအား စာအုပ်များကို သေချာစွာကိုင်တွယ်ဖတ်ရှုကြရန်၊ စာအုပ်များကို မစုတ်ပြဲစေရန် စနစ်တကျ ဖတ်ရှုကြရန်နှင့် “ စာအုပ်ဖတ်ပြီးပြန်ထားပါ နောက်လူဖတ်ဖို့ရာ” ဆိုသည့်စကားအတိုင်း မိမိဖတ်ပြီးသော စာအုပ်များဖြစ်ပါက မဖတ်ရသေးသူများအတွက် စာအုပ်က အသစ်ဖြစ်နေသည်ကို အကျယ်တဝင့်ရှင်းပြပြီး ကျောင်းသား၊ ကျောင်းသူများ တစ်နေ့လျှင် (၃၀)ဦးခန့် လာရောက် ငှားရမ်းဖတ်ရှုကြောင်းကို စာကြည့်တိုက်တာဝန်ခံ ဒေါ်ပိုးသားခင်ထံက သိရသည်။
စာကြည့်တိုက်တွင် စာပေချစ်သူများအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံခေါက်ခြင်း၊ ပြိုင်ပွဲများပြုလုပ်ခြင်းစသည့် အစီအစဉ်များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)