စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ကလေးအလုပ် သမားပပျောက်ရေး နံရံကပ်စာစောင်များကွင်းဆင်းပြသ

ညောင်ဦး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများသည် ညောင်ဦးမြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်၊ ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဇင်ယုခိုင်(စာကြည့်တိုက်တာဝန်ခံ)မှ ကျောင်း သားကျောင်းသူများ၊ ကျောင်းစာတွင်သာမက ကျောင်းပြင်ပစာပေများကိုလည်း လေ့လာလိုက်စားပြီး ပြင်ပဗဟုသုတများ ငယ်စဉ်အချိန်တည်းက ပြင်ပစာပေများ ဖတ်ရှုမှတ်သားစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေပြီး စာဖတ်ခြင်းအလေ့အကျင့်အား ငယ်စဉ်ကတည်းကမွေးမြူကြစေလိုကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောဆွေးနွေးသည်။ ထို့နောက် လူကုန်ကူးမှုတားဆီးရေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပိုစတာများပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာဆရာမများ စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း၊ စာကြည့်တိုက်နယ်လှည့်ကွင်းဆင်းအဖွဲ့နှင့် အတူစာဖတ်ဝိုင်းပြုလုပ်စာဖတ်စေခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ