တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

တံတား  စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က  လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်နှင့် ဖြစ်ပွားသည့်လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များကို ဆွေးနွေးပြောကြားပြီး (Women Club)အဖွဲ့ဝင် ဒေါ်ကြည်ဆွေခိုင်မှ လူကုန်ကူးခံရခြင်းကြောင့် ရရှိလာသောဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသော ဆိုးကျိုးများအပြင် နိုင်ငံအပေါ်ထိခိုက်စေသော ဆိုးကျိုးများဖြစ်သည့် အမျိုးအနွယ်ပျက်စီးခြင်း၊ လူ့အရင်းအမြစ်လျော့ပါးခြင်း၊ နောက်ဆက်တွဲလုပ်ငန်းစဉ်များ ရှုပ်ထွေးခြင်းများ ဖြစ်လာနိုင်သောကြောင့် လူကုန်ကူးခံရမှုများမဖြစ်ပေါ်စေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သင့်ကြောင်းနှင့် လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များအား ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာသော အမျိုးသမီးများမှလည်း မိမိတို့သိမြင်ခဲ့ရသောအကြောင်းအရာဖြစ်စဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(တံတား)