လားရှိုးမြို့တွင် Mask Campaign ပြုလုပ်

လားရှိုး စက်တင်ဘာ ၁၃

ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြှင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4၊ BA-5 ရောဂါပိုးများ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေခြင်း တို့ကြောင့် ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာကြရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယနေ့နံနက်(၈) နာရီအချိန်က Mask Campaign ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၅)အောင်မင်္ဂလာစျေး၊ မြို့မစျေးကြီးနှင့် သိန်းနီလမ်းတစ်လျောက်တို့တွင် ပါးစပ်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့သည်။ ထို့ပြင် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်များအား အသံချဲ့စက်ဖြင့်ဆော်ဩခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး