ရမ်းဗြဲ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရှောက်ချောင်း၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပကြသည်။
အခမ်းအနာတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရမ်းဗြဲမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက အမှာစကားပြောကြားရာတွင် လူငယ်နှင့်အားကစားဆိုသည်မှာ ခွဲခြားထား၍မရနိုင်ကြောင်း အထူးအားဖြင့်ကျောင်းသားလူငယ်များသည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ဗလငါးတန်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ်ဖြင့် ဘက်စုံထူးချွန်သော ကျောင်းသား/ကျောင်းသူများ ပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်တို့ကို ရည်ရွယ်လျက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရှောက်ချောင်းသို့ အားကစားဆက်စပ်ပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် ရမ်းဗြဲမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြစ်သော Fitness Dance များကို သင်ကြားပြသခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)