လှည်းကူးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

လှည်းကူး   စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးနွဲ့က ပြည်သူများအသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လှည်းကူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က လူကုန်ကူးမှုခံရသည့်အခြေအနေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ နိုင်ငံတော်မှလူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)