ဝိုင်းမော် စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း “တေဇ” ခန်းမတွင် ယမန်နေ့ နေ့လည် ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကြည်ထွန်းမှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဟောပြောပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးကျော်စိုးခိုင်မှ လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်မှ လူငယ်များနှင့်ပတ်သက်သည့် ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတို့ကို ဟောပြောခဲ့သည်။
ထိုနောက် တိုက်ကွမ်ဒို အားကစားဆပ်ကော်မတီမှ အားကစားသမားများက တိုက်ကွမ်ဒိုကစားကွက်များဖြင့် သရုပ်ပြကစားပြသပြီး ဝိုင်းမော်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက လူငယ်ရေးရာဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။
ဆက်လက်၍ အားကစားနည်းပြများနှင့်အတူ တက်ရောက်လာသည့် ကျောင်းသား/သူများက ကိုယ်ကာယ လေ့ကျင့်ခန်းများကို လိုက်ပါလေ့ကျင့်ကစားခဲ့ကြောင်း သိရှိရသည်။
ဖြူစင်(ပြန်/ဆက်)