တောင်ကြီး စက်တင်ဘာ ၁၂
ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်၏ သဘာဝဘေးဖြစ်ပွားမှုအခြေနေများကို ကြည့်မည်ဆိုပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၂၂၄)ကြိမ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်(၂၇၂)ကြိမ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၄၀၈)ကြိမ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၃၅၄)ကြိမ် စသည်ဖြင့် နှစ်စဉ်လျော့ကျသွားမှုမရှိဘဲ ပိုမိုတိုးပွားလာသည်ကို တွေ့ရသည့်အတွက် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုကြီးမားကျယ်ဝန်းသည့် ပြည်နယ်တစ်ခုဖြစ်သောကြောင့် သဘာဝဘေးအသိပညာပေး လုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအပြင် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေများကိုပါ အသုံးပြုပြီးဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်ရန်ပုံငွေ (၅၂.၈၀)သန်း၊ ၂၀၁၈ခုနှစ် မီနီဘတ်ဂျတ်တွင် (၂၃.၀၀)သန်း၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် (၅၃.၆၀) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် (၄၆.၆၀)သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၂၀.၀၀)သန်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၁၆.၅၀)သန်း စုစုပေါင်း ကျပ်သန်း(၁၉၂.၅၀)ကို ခွင့်ပြုချထားပေးခဲ့သည့်အတွက် ပြည်သူလူထု၏ သဘာဝဘေးများအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ပိုမိုမြင့်မားလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုသိရှိလာစေသည့်အတွက် နှစ်စဉ်ဖြစ်ပွားမှုနှုန်းများ တိုးပွားလာနေသော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ထိရောက်စွာလျှော့ချနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဦးစီးမှူး(ဘေးစီမံ)ဦးစိုးနိုင်မှ ရှင်းလင်းတင်ပြသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ တောင်ကြီးမြို့ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ဆေးရောင်ခြယ်ခြင်း၊ ဘောလုံးပစ်ခြင်း၊ ဝင်္ကပါဆော့ခြင်း၊ ထိုင်ခုံလုခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေကျပ် (၁) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂၀၂၂)ကို စက်တင်ဘာ(၁၂)ရက်မှ (၁၆)ရက်အထိ ဖွင့်လှစ်ပို့ချပြီး သင်တန်းကို ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများမှ တက်ရောက်သူ စုစုပေါင်း (၅၀)ဦးရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)