မတ္တရာမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲကျင်းပ

မတ္တရာ  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို "လူကုန်ကူးမှုအန္တရာယ် စုပေါင်းတိုက်ဖျက်ကာကွယ် "ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၉ ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲကို မွန်းလွဲ ၁ နာရီတွင် "ဝိုင်းဝန်းကာကွယ် လူကုန်ကူးမှုအန္တရာယ် "ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်း သား ကျောင်းသူ ၁၇ ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲမှ ဆုရရှိသူများအား စက်တင်ဘာလ ၁၃ ရက်နေ့တွင် အခမ်း အနားဖြင့်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)