မြောက်ဦး စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း၌ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်ရဲတပ်တပ်ဖွဲ့မှ ဦးဆောင်ကာ ယနေ့နံနက် ၈ နာရီ အချိန်တွင် မြို့ပေါ်၌ ယာဉ်မောင်းသူများအား အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်မှုကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ကာ ယာဉ်အန္တရာယ် လျော့နည်း ကျဆင်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အားထုတ်ကြိုးပမ်းနေသော်လည်း ဖြစ် ပွားမှုနှုန်း မြင့်တက်ဆဲပင်ဖြစ်သည်။ ယာဉ်အန္တရာယ် ဖြစ်စဉ်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေကြောင်း ညွှန်ပြလျက်ရှိသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အများက လိုက်နာသော်လည်း စည်းကမ်း ဖျောက်ပျက်သူ တစ်ဦးတစ်ယောက်ကြောင့် လူအများက ထိခိုက်ခံစားရသည်။ နိုင်ငံတစ်ဝန်းတွင် ယာဉ်အန္တရာယ်လျော့ပါးရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ရှိသူများသည် နည်းလမ်းမျိုးစုံဖြင့် အသိပညာပေးကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မော်တော်ယာဉ်မောင်းနှင်သူများ၊ သုံးဘီးဆိုင်ကယ်၊ နှစ်ဘီးဆိုင်ကယ်နှင့် ထော်လာဂျီ မောင်းနှင်သူတို့အား ယဉ်တိုက်မှု အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်တိုက်မှုအန္တရာယ် လုံးဝပပျောက်ရေး၊ ယာဉ်မောင်းများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေးကို အစဉ် သတိပြုရန်နှင့် ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်ဦးထုပ်များကိုဆောင်း၍ မိတ်သိုင်းကြိုးတပ်ဆင်ပြီး မောင်းနှင်သွားကြရန် ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို ယာဉ်မောင်းသူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)