တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်

တံတားဦး စက်တင်ဘာ၁၂

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲလင်းသူနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီကတံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရဲလင်းသူက ဒေသခံပြည်သူများနှင့် တွေ့ဆုံရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ရာသီအလိုက် သီးနှံမျိုးစုံတိုးချဲ့စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအားလည်းကောင်း   ရှင်းလင်းပြောကြားပြီး  တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့်ပတ်သက်သည့်  ဆွေးနွေးအကြံပြုချက်များ တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေခြင်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံပြည်သူများမှ သင်ပန်း-တပယ်-ထောက်ရစ်-လက်ပန်ဇင် ကျေးရွာချင်းဆက်လမ်း ပြုပြင်ပေးနိုင်ရေး၊ သင်ပန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းဆောင်ဟောင်းအား ပြုပြင်ပေးနိုင်ရေး၊ ကျေးရွာစာကြည့်တိုက်အား အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး၊ သင်ပန်းကွင်း ကုန်ထုတ်လမ်းပေါ်ရှိ မြောင်းကူးတံတားပြုပြင်ပေးနိုင်ရေး၊ မီးလိုင်းဆက်သွယ်ရန် လိုအပ်လျက်ရှိသော နေအိမ်များသို့လျှပ်စစ်မီးသွယ်တန်းနိုင်ရေး၊ စိုက်ပျိုးရေ ပေးဝေနေမှုအား စနစ်တကျပေးဝေနိုင်ရေးတိုကို့ အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရဲတင့်