မြစ်သားမြို့တွင် ပြည်သူများအတွက်အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

မြစ်သား  စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် အလယ်ပိုင်းစစ်ဌာနချုပ်တပ်နယ်မှူးရုံး (ကျောက်ဆည်)၏ အစီအစဥ်ဖြင့်ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ရန်ယနေ့နံနက် (၆)နာရီခွဲအချိန်မှစ၍ မြစ်သားမြို့ရှမ်းပွဲ ရပ်ကွက်ရှိရွှေမုဋ္ဌော  ဘုရားဘောလုံးကွင်းအတွင်း၌ ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန် ၁ ပြည်လျှင် ၁၅၀၀ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ကြက်ဥ (၁၀) လုံးလျှင်၁၆၀၀ကျပ်၊ ဆပ်ပြာဆီတစ်ဗူးလျှင်၁၁၀၀ကျပ်၊ ဖယောင်းတိုင်အသေးတစ်ထုပ်လျှင် ၈၀၀ ကျပ်၊ ဖယောင်းတိုင်အကြီးတစ်ထုပ်လျှင်၁၁၀၀ကျပ်နှင့် အခြားကုန်စိမ်းသီးနှံများဖြစ်သည့် ချဥ်ပေါင်ရွက်၊ ငရုတ်သီးစိမ်း၊ရွှေဖရုံသီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ဘူးသီးစသည့်သီးနှံများကို စျေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးခဲ့ရာဒေသခံပြည်သူများမှ ဝမ်းသာကျေနပ်စွာ ဝယ်ယူခဲ့ကြောင်းသိရသည်။

အဆိုပါ စားသုံးကုန်နှင့်ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာရောင်းချပေးရာတွင် သံချပ်ကာ ယန္တရားသင်တန်းကျောင်း (သပက) မှ ဒုတိယဗိုလ်မှူးကြီးမင်းသန့်ဦးစီး၍ သံချပ်ကာပင်မအလုပ်ရုံတပ် (သခပ)/မှတ်(၅၀၀၂)တင့်ကားတပ်ရင်း/အမှတ်(၂၀၂၇)လေကြောင်းရန်ကာကွယ်ရေးတပ်/အမှတ်(၂)အင်အားဖြည့်တင်းရေးနှင့်ပြန်လည်နေရာချထားရေးတပ် (အပတ-၂)/အမှတ်(၂)အသက်မွေးဝမ်းမှုသင် တန်းကျောင်း(အသမ-၂)တပ် တို့မှတပ်မတော်အရာရှိ၊စစ်သည်များမှရောင်းချပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ရဲနိုင်ဦး(မြစ်သား)