စစ်တွေ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံကြသည်။
တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင်များအတွက် အကူညီထောက်ပံ့ပေးရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများ၊ လူထုအခြေပြုကူညီထောက်ပံ့ပေးရေး၊ နေရပ်စွန့်ခွာသူများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး၊ ကူညီထောက်ပံ့ရေးလုပ်ငန်း ပြည်သူလူထုများသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများတွင် ကူညီထောက်ပံ့နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရေးစသည့် အကူအညီအထောက်အပံ့ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူး Mr.Indrika Ratwatte၊ ဒုတိယညွှန်ကြားရေးမှူး Ms. Ellen Hansen နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)