မြစ်ကြီးနား စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်သည့် ငြိမ်းချမ်းသာယာရေကူးကန် (၁၀၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့်တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ငြိမ်းချမ်းသာယာ ရေကူးကန်ဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများက ရေကူးကန်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းသာယာရေကူးကန်တွင် ရေကူးကန်အတွင်း ရေကူးလမ်း (၁၀) လမ်း ပါဝင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၈၄၃) သန်း အကုန်အကျခံကာ အလျား (၁၆၅) ပေ၊ အနံ (၈၂) ပေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)