တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ဆေးထိုးပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးစို့ညွှန့်ဦး၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး Sinopharm ထိုးနှံသူ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)