ပုဇွန်တောင် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ လွှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲအား ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့် လုပ်သားရုပ်သံ ဒေါ်မိုးပြည်ပြည့်မြင့်မောင်၊ ရုံးအကူ ဒေါ်ဝတ်ရည်ဦးတို့က လူကုန်ကူးမှုအကြောင်း အသိပညာဗဟုသုတရရှိစေရန်နှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ မသိနားမလည်သေးသော လူငယ်များအနေဖြင့် လူကုန်ကူးသူ လူပွဲစားများ၏ အမျိုးမျိုးသော မက်လုံးပေးလှည့်ကွက်များ မခံရစေရန်၊ လူကုန်ကူးမှုအား ကပ်ရောဂါ တစ်ခုကဲ့သို့ ကြောက်ရွံ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာ အကျိုးအမြတ်ရရှိရေးအတွက် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်းဖြင့် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း သယ်ယူ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုများသည် ပြည်ပနိုင်ငံများတွင်သာမက ပြည်တွင်း၌လည်း ဖြစ်နိုင်ကြောင်း၊ ကျား/မ အသက်အရွယ်မရွေး လူကုန်ကူးခံရနိုင်ခြေရှိခြင်းကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင် ဆောင်ရွက်ကြရန်လိုကြောင်း အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် အပြည့်အစုံအား ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
ဟန်စုယဉ်