မုဒုံ စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာလ၁၂ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနှင့် ဆက်သွယ်ကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်များရရှိနိုင်ရေး၊ ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်းလမ်းတံတားများ ကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများမှ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား မီးဘေးနှင့် သဘာဝဘေးဟောပြောခြင်း၊ လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုစာရင်းပျက်စီး၊ ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေး/ ကုဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်−၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မုဒုံသူ (ပြန်/ ဆက်)