မြစ်ကြီးနားမြို့တွင် မိုးရာသီ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၂

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလီဘော ဆပ်ကော်မတီတို့ ပူးပေါင်း၍ အသက် ၂၅ နှစ်အောက် အမျိုးသား/သမီး မိုးရာသီ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့ကြရာ ဗိုလ်လုပွဲတွင် ပိုးဇာခြံအသင်းနှင့် လီဆူလူငယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပိုးဇာခြံအသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ ရရှိခဲ့သည့် အမျိုးသား/ သမီး အသင်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ယှဥ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား (၁၃) သင်းနှင့် အမျိူးသမီး (၆) သင်းတို့က ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)