အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(၆)ကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)၊ ကျောင်းအုပ်ဆရာကြီး ဦး​ဇေယျာအောင်တို့က အမှာစကားအသီးသီး ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)၊ Major ပေါင်းစုံ ကျောင်းသား၊ကျောင်းသူ လူငယ်များဖြစ်သော မောင်လူမော်ဦး၊ မောင်စောရွှေထိုက်၊ မောင်အောင်ကောင်းမြတ်၊ မနှင်းဆုဝေ၊ မနန်းမြတ်သိင်္ဂီနှင့် မဆောင်းသဥ္ဇာတို့က လူငယ်တို့မြှင့်တင်ရမည့် နည်းပညာ၊ လူငယ်တို့၏ အောင်မြင်မှုအတွက် အရေးပါဆုံးသော ပညာရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် ရှောင်ရန် ကျန်းမာရေး အချက်အလက်များ၊ အသင့်အစားအစာ Fast Foot များ၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ လူငယ်နှင့် အားကစား အရေးကြီးသော ကဏ္ဍများ၊ အလုပ်သည် လူငယ်တွေအပေါ် သက်ရောက်မှုနှင့် ပန်းတိုင်ရောက်ဖို့ ကြိုးစားရမည့်အကြောင်း၊ Social Media ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ လူငယ်တွေအနေဖြင့် မည်သည့်စာပေမျိုးကို ဖတ်ရှုလေ့လာရမည့် အကြောင်း၊ လက်ရှိကျင့်သုံးနေသော စက်မှုနည်းပညာများအကြောင်း၊ ပညာရေးနှင့် သက်ဆိုင်သည့် အသိပညာ ဗဟုသုတများကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများ၏ ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)တို့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)