မုဒုံမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၁၂

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးစေရန်နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့မ(၂) ရပ်ကွက် အ.လ.က (ဒုံကနီ)ကျောင်း၌ ပြုလုပ်သည်။       

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းက ဆယ်ကျော်သက်အရွယ် ကျန်းမာရေးအကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကင်းဝေးရေးအကြောင်း၊ အာဟာရ(၃)အုပ်စုပါဝင်အောင် နေထိုင်စားသောက်ရမည့်အကြောင်း၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရေးနှင့် မိုးတွင်းကာလတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက်မုဒုံမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် အစားအစာများတွင် ပါဝင်သော ဆိုးဆေးအန္တရာယ်များအကြောင်း၊ ပလပ်စတစ်ကြွပ်ကြွပ် အိတ်သုံးစွဲမှုလျော့ချနိုင်ရေးအတွက် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှု ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို ကျောင်းသား/ သူများအားကျန်းမာရေးစစ်ဆေးပေးကာ လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခြင်းနှင့် ဗီတာမင်အေ၊ သန်ချဆေးများကိုတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မုဒုံသူ (ပြန်/ ဆက်)