ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

တာချီလိတ်  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာခြင်းမှ ဒေသတွင်း ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း လှုပ်ရှားဆောင်ရွက်မှုကို အရှိအဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့တွင်း အဝင်/အထွက် ဂိတ်များတွင် ခရီးသွားပြည်သူများ၏ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ ခရီးသွားထောက်ခံစာများ စစ်ဆေးခြင်း နှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို စခန်းဖွင့်လှစ်ထားရှိပြီး ၂၄ နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှု စစ်ဆေးလျက်ရှိကာ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံအရပ်တို့တွင် အသိပညာပေးလုပ်ငန်းကို နေ့စဉ် အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ကြရာတွင် ယမန်နေ့က ဝမ်လုံးကျေးရွာ၊ ဆေခမ်းရပ်ကွက်နှင့် မြို့အဝင် တာချီလိတ်- ကျိုင်းတုံလမ်းဆုံ၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များကို အသိပညာပေးခြင်းနှင့် လက်များကိုမကြာခဏ သန့်စင်ကြရန်လိုအပ်ကြောင်း၊ အပြင်ထွက်ပါက Mask များကို မဖြစ်မနေတပ်ဆင်ကြရန် လိုအပ်ကြောင်းကို ဟောပြောခဲ့ကြပြီးနောက် ဆက်လက်၍ ခရီးသွားပြည်သူများအား လက်ဆေးဆပ်ပြာ၊ နှာခေါင်းစည်း mask နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ပူးပေါင်းအဖွဲ့များသည် ပြည်သူများ မြင်သာသောနေရာများတွင် ပညာပေးဗီနှိုင်း ပိုစတာများ စိုက်ထူခြင်းနှင့် နံရံကပ်ခြင်းများပြုလုပ်ခြင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဆောင်ရွက်ခြင်းကို တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှု ကူညီရေးအသင်း၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့ volunteer လုပ်အားရှင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)