တောင်သာ စက်တင်ဘာ ၉
တောင်သာမြို့နယ် ဆည်ကုန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်ပြီး မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ၍ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အဆင်ပြေသည့် ကျေးရွာတစ်ရွာဖြစ်ရာ ယခုနှစ်သည် ယခင်နှစ်ထက် မိုးပိုလာ သဖြင့် တောင်သူများမှာ ယာခင်းများ၌ တိုင်ထောင်ခရမ်းချဉ်ပင်များ စိုက်ပျိုးထားရှိလာကြောင်း သိရသည်။
တိုင်ထောင်ခရမ်းချဉ်ပင်ကို ဒေသခံတောင်သူများ စိုက်ပျိုးရာ၌ အဝီစိတွင်းရေဖြင့် စိုက်ပျိုးခြင်းဖြစ်ပြီး ယင်းတိုင်ထောင်ခရမ်းချဉ်ပင်ကို စိုက်ပျိုးသူ (၁၃)ဦးနီးပါး စိုက်ပျိုးကြကြောင်းသိရသည်။ အဆိုပါ ခရမ်းချဉ်အမျိုးအစားမှာ ထိုင်ဝမ်ခရမ်းချဉ် အမျိုးအစားဖြစ်ကြောင်း နှင့် ၎င်း ထိုင်ဝမ်ခရမ်းချဉ် မျိုးစေ့ကို (၅-ဂရမ်)ပါ အထုတ်တစ်ထုတ်ကို ငွေကျပ် (၁၈၀၀၀) ပေး ဝယ်ရပြီး အပင်ရေ(၁၅၀၀)ခန့်ရရှိ၍ ခရမ်းချဉ်မျိုးစေ့ကို ပျိုးအိတ်အတွင်း ရက်(၂၀)ခန့် ပျိုး ထောင်ထားရှိ ပြီးမှ စိုက်ပျိုး ရခြင်းဖြစ်ပြီး စိုက်ပျိုးထားပြီး တစ်လခွဲခန့် အကြာတွင် ပွင့်ဖူး၍ အသီးတင်ပြီး တစ်ပင်ကို ခရမ်းချဉ်သီး ပိဿာရေ(၁၂)ပိဿာခန့် ထွက်ရှိကြောင်းကို ကျေးရွာနေ တောင်သူ ဦးသန်းဇော် ပြောပြချက်အရ သိရသည်။
အဆိုပါ ဆည်ကုန်း(တောင်)ရွာသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဆင်ပြေသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ခရမ်းချဉ်ပင်အပြင် ဆန်စပါး၊ကြက် သွန်၊စမုံစပါး၊ပဲစင်းငုံ၊ပြောင်း၊နှမ်း၊မြေပဲ စသည့် သီးနှံများအားလည်း ရာသီအလိုက် စိုက်ပျိုးကြသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)