ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာရသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် အောင်မင်္ဂလာလမ်းဆုံတွင် အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်သွားလာရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask အခုရေ ၁၀၀၀ အား ပြည်သူများလက်ဝယ်အရောက်အခမဲ့ဖြန့်ဝေ၍ ဘယ်သွားသွားMask စနစ်တကျတပ်ဆင်သွားလာရေး အသိပေးပညာပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)